Monday, December 3, 2007

ကျနော့်ရဲ့ရင်ခုန်သံအပိုင်းအစများဖြစ်ပါတယ်.....


၁။ မုတ်သုန်နှင့်အတူ
၂။ နှစ်သစ်ဆုတောင်း
၃။ နှစ်သစ်လက်ဆောင်

မုတ်သုန်နှင့်အတူ

ညီမလေးရေ.....

မုတ်သုန်ကတော့
မင်းကို(၂၄)ကြိမ်မြောက်နှုတ်ဆက်
အပြုံးနုတွေနဲ့ ပွေ့ဖက်ခဲ့ပြန်ပြီ။


မြေရနံ့သင်းနေတဲ့ မေရဲ့မနက်ခင်းတွေကတော့
မုတ်သုန်နဲ့အတူ
ရွက်နုတွေကို ဖူးပွင့်ကြစေတော့မယ်.....။


ညီမလေးရေ.....

တချို့တွေအတွက်တော့
ဘ၀ဆိုတာ ၀ိုင်တစ်ခွက်ပေါ့
တချို့တွေအတွက်ကျတော့
ဘ၀ဆိုတာ ကျိန်စာတစ်စက်တဲ့လေ
ငါတို့အတွက်ကတော့
ဘ၀ဆိုတာ တောလမ်းကျဉ်းလေးတစ်ခုပါ
ဒီလမ်းလေးထဲမှာ ချိုင့်ကြမ်းတွေရှိတယ်
ကွေ့တွေကလည်းများလွန်းလှတယ်
တစ်ခါတစ်ခါ လေနီကြမ်းတွေကလည်း
ဆောင်းအိပ်မက်တွေလို ရောက်လာကြသေးရဲ့.....။


ညီမလေးရေ.....

မုတ်သုန်နဲ့အတူ
တစ်ယောက်တည်း ရဲရဲသာလျှောက်လိုက်ပါ
ကိုယ်ကျင့်တရားနဲ့ဥာဏ်ပညာကို ပွေ့ဖက်ထားသ၍
အားလုံးဟာဝပ်တွား
မင်းရှေ့မှာ ဒူးထောက်သွားလိမ့်မယ်.....။

နှစ်သစ်ဆုတောင်း

ငါတို့အားလုံး
မေ့မရခဲ့တဲ့ ရှစ်ဆယ့်ရှစ်ဟာ
အခုဆို ဆယ့်ရှစ်နှစ်ကျော်လို့
ဆယ့်ကိုးနှစ်သို့ရောက်ခဲ့ပြီ။


ပြည်သူတွေရဲ့မျက်ရည်တွေဟာလည်း
အခုချိန်တိုင် မခမ်းနိုင်ပဲ
ပိုလို့သာတိုး ဆိုးသထက်ဆိုးလာတယ်။


စစ်ဖိနပ်တွေကြားက မြန်မာပြည်
ချွတ်ခြုံသွားလိုက်ပုံများ
အေအိုင်ဒီအက်စ်ဝေဒနာသည်တစ်ယောက်
သူနာဘဝ
နေ့ချင်းညချင်း သက်ဆင်းသွားသလို။


မိခင်တွေရဲ့ငိုကြွေးသံ
အဖမဲ့သားတွေရဲ့ နာကျည်းဂီတသံ
ထမင်းတစ်ဆုပ်အတွက် ဘ၀ကိုဆုတ်ဖြဲခံကြရသံ
အုတ်တိုက်နီနီတွေထဲက
ငါတို့သူရဲကောင်းတွေတဖြုတ်ဖြုတ်ကြွေသံ
အဲဒီလို နိုင်ငံတစ်လွှား
အသံမျိုးစုံ သိမ့်သိမ့်တုန်နေစဉ်မှာ
ဇေယျသီရိဗိမာန်ထက်ဆီက သတို့သမီးတစ်ယောက်ဟာ
စိန်ပွင့်တွေနဲ့တလက်လက်တောက်ပ
"ပြည်သူ့မျက်ရည်ဆိုတာ ဒီလိုသောက်သုံးရတယ်" တဲ့လေ
ရံရွေတော်တွေကိုမိန့်ကြား ပြည်သူကိုစတေးနေပုံများ။


ဝသကာရလက်သစ် ပညာရှိဆိုသူတွေကလည်း
အာဏာမူးမူးတဲ့လူ
ငွေရူးရူးတဲ့လူနဲ့
ပညာအရေကိုခြုံအုပ်
ပြည်သူကို
အမှောင်ကြိုးနဲ့တုပ်ဖို့ အလုပ်ရှုပ်နေကြတယ်။


ပြီးတော့ ကြားလိုက်ပါသေးရဲ့
ပြည့်တန်ဆာတွေကိုမှအားမနာ
ကိုယ့်ပေါင်ကိုလှန်ပြ
"ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိဘူးဗျ" တဲ့။


အဆိုးဆုံးကတော့
မြန်မာပြည်တနံတလျား
သံဃာတွေထံပါးမှာ
အပြာကားမရှား လောင်းကစားကပေါများ
လာဘ်ပေး လာဘ်ယူကလည်း အများသား။


အို...ရှင်တော်ဗုဒ္ဓ
အရှင်၏ ပညတ်တော်များသည်
မောဟတို့အောက်၌ ကြေမွခဲ့ရပြီ
အရှင့်၏ ကြီးမြတ်သောတရားတော်များသည်
သူယုတ်တို့၏ လိုရာဆွဲသုံး ခုတုံးစကား ဖြစ်ခဲ့ရပြီ
အရှင့်၏ အချို့ အချို့သော သာဝကများသည်လည်း
နတ်ဆိုးတို့၏ သားကောင်များဖြစ်ခဲ့ရပြီ။


အို...အရှင်မြတ်ဘုရား
အရှင့်၏ မြင့်မြတ်လှသော
သာသနာတော်ကိုဖျက်ဆီးသူ
ပြည်သူတို့၏သွေးကိုသောက်သူ
ပြည်သူတို့၏မျက်ရည်ဖြင့်လက်ဆေးသူ
ပြည်သူတို့ကိုဆင်းရဲတွင်းသို့အတင်းသွတ်သွင်းသူ
ထိုအာဏာရှင် စစ်ဘီလူးတို့သည်
ရောက်ရာအရပ် ရောက်ရာဘ၀၌
ကြောင်းကျိုးတရား ၀ဋ်ဒဏ်များမှ
လွတ်နိုင်ကြစေ လွတ်ကြစေသား
အရှင်မြတ်ဘုရား.....။

နှစ်သစ်လက်ဆောင်

သူငယ်ချင်း.....
နှစ်သစ်ဟာ နတ်ဆိုးတစ်ကောင်လို
ငါတို့ရဲ့ဇရာတံခါးကိုခေါက်ခဲ့ပြန်ပြီ။

သြကာသလောကကြီးကတော့
သူ့သီချင်းကိုသူဆို
သူ့ဗုံကိုသူတီး
ဣနြေ္ဒကြီးတခွဲသားနဲ့
နှစ်သစ်ကို ကြိုဆိုနေလေရဲ့။

မင်းသိတဲ့အတိုင်းပဲ
လောကခရီးသွားတွေကြား
ဘ၀ကိုဖွင့်ဆိုပုံတွေက
မတူကွဲပြား အမျိုးမျိုးခြားနားကြတယ်။

ကိုယ်စီကိုယ်စီကတော့
ကိုယ့်အတ္တကို ရွှေချ
ကိုယ့်ဘ၀ကို တသသနဲ့
တရှိုက်သက်သက် တပ်မက်နေကြရဲ့။

ဒါပေမဲ့ နောက်ဆုံးတစ်နေ့မှာ
လူတိုင်းလူတိုင်းဟာ
ကိုယ်လျှောက်တဲ့ မြေကြီးအောက်
ကိုယ်ပြန်ရောက်ရမယ့်အဖြစ်
လောကရဲ့ဓမ္မစစ်ကို မေ့လျော့နေကြတယ်။

ငါတို့ဟာ
ဒီမြေကြီးမှာ မွေးဖွားခဲ့တယ်
ဒီမြေကြီးမှာ ကြီးပြင်းခဲ့တယ်
ပြီးတော့
ဒီမြေကြီးကိုပဲ စားသုံးခဲ့ကြတယ်
တစ်ချိန်မှာ ဒီမြေကြီးကပဲ
ငါတို့ကို ပြန်ခေါ်ဆောင်သွားလိမ့်မယ်။

သူငယ်ချင်း
မင်းလက်တွေကိုဖြန့်စမ်း ဖြန့်လိုက်စမ်းပါ
မြေကမ္ဘာကို
ဘယ်နှစ်ကြိမ်များပွေ့ဖက်ခဲ့ဖူးပြီလဲ
ဘယ်နှစ်ကြိမ်များ နမ်းရှိုက်ခဲ့ဖူးပြီလဲ
ကိုယ့်ကိုယ်ကိုဆန်းစစ် သေချာတွေးကြည့်စမ်းပါ။

နိုးထလိုက်ပါ သူငယ်ချင်း
တတ်နိုင်သလောက်
မင်းရဲ့ ကိုယ်စွမ်း ဥာဏ်စွမ်းတွေနဲ့
မြေကမ္ဘာကို ချိုအနမ်းတွေပက်ဖြန်းဖို့
မင်းရဲ့ စင်ကြယ်တဲ့လက်တို့နဲ့
မြေကမ္ဘာကို ပျိုးသစ်တွေကြဲဖို့
နှစ်သစ်နဲ့အတူ
နိုးထလိုက်စမ်းပါ သူငယ်ချင်း.....။