Monday, December 3, 2007

နှစ်သစ်လက်ဆောင်

သူငယ်ချင်း.....
နှစ်သစ်ဟာ နတ်ဆိုးတစ်ကောင်လို
ငါတို့ရဲ့ဇရာတံခါးကိုခေါက်ခဲ့ပြန်ပြီ။

သြကာသလောကကြီးကတော့
သူ့သီချင်းကိုသူဆို
သူ့ဗုံကိုသူတီး
ဣနြေ္ဒကြီးတခွဲသားနဲ့
နှစ်သစ်ကို ကြိုဆိုနေလေရဲ့။

မင်းသိတဲ့အတိုင်းပဲ
လောကခရီးသွားတွေကြား
ဘ၀ကိုဖွင့်ဆိုပုံတွေက
မတူကွဲပြား အမျိုးမျိုးခြားနားကြတယ်။

ကိုယ်စီကိုယ်စီကတော့
ကိုယ့်အတ္တကို ရွှေချ
ကိုယ့်ဘ၀ကို တသသနဲ့
တရှိုက်သက်သက် တပ်မက်နေကြရဲ့။

ဒါပေမဲ့ နောက်ဆုံးတစ်နေ့မှာ
လူတိုင်းလူတိုင်းဟာ
ကိုယ်လျှောက်တဲ့ မြေကြီးအောက်
ကိုယ်ပြန်ရောက်ရမယ့်အဖြစ်
လောကရဲ့ဓမ္မစစ်ကို မေ့လျော့နေကြတယ်။

ငါတို့ဟာ
ဒီမြေကြီးမှာ မွေးဖွားခဲ့တယ်
ဒီမြေကြီးမှာ ကြီးပြင်းခဲ့တယ်
ပြီးတော့
ဒီမြေကြီးကိုပဲ စားသုံးခဲ့ကြတယ်
တစ်ချိန်မှာ ဒီမြေကြီးကပဲ
ငါတို့ကို ပြန်ခေါ်ဆောင်သွားလိမ့်မယ်။

သူငယ်ချင်း
မင်းလက်တွေကိုဖြန့်စမ်း ဖြန့်လိုက်စမ်းပါ
မြေကမ္ဘာကို
ဘယ်နှစ်ကြိမ်များပွေ့ဖက်ခဲ့ဖူးပြီလဲ
ဘယ်နှစ်ကြိမ်များ နမ်းရှိုက်ခဲ့ဖူးပြီလဲ
ကိုယ့်ကိုယ်ကိုဆန်းစစ် သေချာတွေးကြည့်စမ်းပါ။

နိုးထလိုက်ပါ သူငယ်ချင်း
တတ်နိုင်သလောက်
မင်းရဲ့ ကိုယ်စွမ်း ဥာဏ်စွမ်းတွေနဲ့
မြေကမ္ဘာကို ချိုအနမ်းတွေပက်ဖြန်းဖို့
မင်းရဲ့ စင်ကြယ်တဲ့လက်တို့နဲ့
မြေကမ္ဘာကို ပျိုးသစ်တွေကြဲဖို့
နှစ်သစ်နဲ့အတူ
နိုးထလိုက်စမ်းပါ သူငယ်ချင်း.....။

No comments: