Monday, December 3, 2007

နှစ်သစ်ဆုတောင်း

ငါတို့အားလုံး
မေ့မရခဲ့တဲ့ ရှစ်ဆယ့်ရှစ်ဟာ
အခုဆို ဆယ့်ရှစ်နှစ်ကျော်လို့
ဆယ့်ကိုးနှစ်သို့ရောက်ခဲ့ပြီ။


ပြည်သူတွေရဲ့မျက်ရည်တွေဟာလည်း
အခုချိန်တိုင် မခမ်းနိုင်ပဲ
ပိုလို့သာတိုး ဆိုးသထက်ဆိုးလာတယ်။


စစ်ဖိနပ်တွေကြားက မြန်မာပြည်
ချွတ်ခြုံသွားလိုက်ပုံများ
အေအိုင်ဒီအက်စ်ဝေဒနာသည်တစ်ယောက်
သူနာဘဝ
နေ့ချင်းညချင်း သက်ဆင်းသွားသလို။


မိခင်တွေရဲ့ငိုကြွေးသံ
အဖမဲ့သားတွေရဲ့ နာကျည်းဂီတသံ
ထမင်းတစ်ဆုပ်အတွက် ဘ၀ကိုဆုတ်ဖြဲခံကြရသံ
အုတ်တိုက်နီနီတွေထဲက
ငါတို့သူရဲကောင်းတွေတဖြုတ်ဖြုတ်ကြွေသံ
အဲဒီလို နိုင်ငံတစ်လွှား
အသံမျိုးစုံ သိမ့်သိမ့်တုန်နေစဉ်မှာ
ဇေယျသီရိဗိမာန်ထက်ဆီက သတို့သမီးတစ်ယောက်ဟာ
စိန်ပွင့်တွေနဲ့တလက်လက်တောက်ပ
"ပြည်သူ့မျက်ရည်ဆိုတာ ဒီလိုသောက်သုံးရတယ်" တဲ့လေ
ရံရွေတော်တွေကိုမိန့်ကြား ပြည်သူကိုစတေးနေပုံများ။


ဝသကာရလက်သစ် ပညာရှိဆိုသူတွေကလည်း
အာဏာမူးမူးတဲ့လူ
ငွေရူးရူးတဲ့လူနဲ့
ပညာအရေကိုခြုံအုပ်
ပြည်သူကို
အမှောင်ကြိုးနဲ့တုပ်ဖို့ အလုပ်ရှုပ်နေကြတယ်။


ပြီးတော့ ကြားလိုက်ပါသေးရဲ့
ပြည့်တန်ဆာတွေကိုမှအားမနာ
ကိုယ့်ပေါင်ကိုလှန်ပြ
"ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိဘူးဗျ" တဲ့။


အဆိုးဆုံးကတော့
မြန်မာပြည်တနံတလျား
သံဃာတွေထံပါးမှာ
အပြာကားမရှား လောင်းကစားကပေါများ
လာဘ်ပေး လာဘ်ယူကလည်း အများသား။


အို...ရှင်တော်ဗုဒ္ဓ
အရှင်၏ ပညတ်တော်များသည်
မောဟတို့အောက်၌ ကြေမွခဲ့ရပြီ
အရှင့်၏ ကြီးမြတ်သောတရားတော်များသည်
သူယုတ်တို့၏ လိုရာဆွဲသုံး ခုတုံးစကား ဖြစ်ခဲ့ရပြီ
အရှင့်၏ အချို့ အချို့သော သာဝကများသည်လည်း
နတ်ဆိုးတို့၏ သားကောင်များဖြစ်ခဲ့ရပြီ။


အို...အရှင်မြတ်ဘုရား
အရှင့်၏ မြင့်မြတ်လှသော
သာသနာတော်ကိုဖျက်ဆီးသူ
ပြည်သူတို့၏သွေးကိုသောက်သူ
ပြည်သူတို့၏မျက်ရည်ဖြင့်လက်ဆေးသူ
ပြည်သူတို့ကိုဆင်းရဲတွင်းသို့အတင်းသွတ်သွင်းသူ
ထိုအာဏာရှင် စစ်ဘီလူးတို့သည်
ရောက်ရာအရပ် ရောက်ရာဘ၀၌
ကြောင်းကျိုးတရား ၀ဋ်ဒဏ်များမှ
လွတ်နိုင်ကြစေ လွတ်ကြစေသား
အရှင်မြတ်ဘုရား.....။

No comments: